ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, November 17, 2014

ချစ်တတ်ကြပါရဲ့လား

ဒီဆောင်းပါးလေးကတော့ နေပြည်တော် မြန်မာ့အသံ- “ လူငယ်မှတ်သား-သုတစကား ” ကဏ္ဍမှ အသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း၄၀ နဲ. သောကြာနေ. နံနက် ၁၀း၄၀) မှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ (www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ ရုပ်မြင် မှာ မျှားလေးတွေ ပါတဲ့ Radio ကိုရွေးပြီး မျှားလေးကိုကလစ်ပါ-နားဆင်လို. ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ========================================================================================== ဒါကတော့ နေပြည်တော် မြန်မာ့အသံမှ အသံသွင်းနေစဉ် ဒေါ်အေးအေးစိုးနဲ. အမှတ်တရ ဂိုက်ခဲ့တဲ့ပုံလေးပါ
မင်္ဂလာပါကလေးတို.ရေ -- ဒီနေ.ကလေးတို.အတွက် “ချစ်တတ်ကြပါရဲံလား” ဆိုတဲ့ ဆောင်းပါးလေးကို ရွေးချယ် စီစဉ်ထားပါ တယ် ။ ကလေးတို.ရေ -- တို.များလူသားအားလုံးမှာ ချစ်တတ်ကြတဲ့နှလုံးသားတွေ ကိုယ်စီကိုယ်ငှ ပါရှိနေကြ တယ်ဆိုတာ သိထားကြပြီးဖြစ်ပါတယ်နော်။ အဲဒီ”အချစ်” ဆိုတာမှာလည်း “မိဘနဲ.သား သမီး အချစ် - လင်ချစ်- မယားချစ် ၊ ဆရာချစ် တပည့်ချစ် ၊ ဆွေမျိုးချစ် - မိတ်ဆွေချစ် ”စသဖြင့် အင်မတန်.ကို များပြား ကျယ်ဝန်း လှပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်းစစ်လိုက်ပြန်တော့”ချစ်တတ် ကြရန်” သာအဓိက အရေးကြီးလှတာမဟုတ် ပါလား ။ အင်း - တစ်ခါတစ်ခါတော့လည်း“အချစ်က မီးလား”ဆိုတာကို တွေးမိမှာဖြစ်သလို တစ်ခါတစ်ခါတော့လည်း “အချစ်ဆိုတာ ရေပါလား” လို့လက်ခံ လိုက်မိမှာအမှန်ပါ ။ ဒီလို အချစ်က မီးဖြစ်သွားလိုက် ရေ ဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေမိမှာလည်းဖြစ်ပါတယ် ။ ကလေးတို. လည်း အဲဒီလို အတွေးတွေနဲ့ ချာချာလည်ခဲ့တဲ့ အကြိမ်တွေ မနည်းမနော ရှိခဲ့ဖူးမှာပါ။ ဘာလို့လဲဆိုတော့ တို.များအားလုံးက ပုထုဇဉ် တွေလေ-အချစ်အကြောင်း မတွေးပဲ ဘယ်နေလိမ့်မလဲနော်။ တကယ်တော့ အချစ်က မီးပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် မချစ်မိအောင်တော့ ဘယ်သူမှနေနိုင် ကြမှာ မဟုတ်ပါဘူးလေ။ အ၀ိဇ္ဖာနယ်တွင်းမှာ သက္ခာဆယ်ရင်းနဲ့ချစ်လိုက်-လိပ်ပြာငယ်ရင်းနဲ့ ချစ်လိုက်ပေါ့။ အဲ--အချစ်မကြိုက်တာတွေလုပ်မိလို့ အချစ်နဲ့ ကွဲကွာ-ခွဲခွါရလိုက် ၊ အချစ်ကြိုက်တာတွေ လုပ်မိပြန်တော့ အချစ်နဲ့ပြန်လည်ပေါင်းစည်းမိကြနဲ.- အော် - အချစ်သံသရာနွံတောမှာ ပုထုဇဉ်သတ္တ၀ါ သူသူငါငါ မျောလွင့်နေလိုက်ကြတာနော်။ တစ်ခါတစ်ခါ မချစ်တတ်တဲ့ သတ္တ၀ါထဲမှာလဲ ကိုယ်က ၀င်ပါ ရတဲ့အခါ ရှိခဲ့မှာဖြစ်သလို အချစ်ငတ်တဲ့ သတ္တ၀ါထဲမှာ ကိုယ်ဝင်ပါရတဲ့ အကြိမ်တွေလည်း မနည်း- မနောရှိခဲ့ကြမှာပါ ။ ကိုယ့်ကြောင့် အချစ်ခမြာ မျက်နှာငယ် ၊ ဒုက္ခရောက်- မဖြစ်စလောက် ကလေးက အစ - အနာတရဖြစ်ခဲ့ရတဲ့ အချိန်တွေလဲ မနဲခဲ့ဘူးပေါ့ ။ ကလေးတို.ရေ-- အဲဒီ အချစ် ဆိုတာကို လူတိုင်း၊ သတ္တ၀ါတိုင်းကတော့ မျက်နှာငယ်စေချင်မှာမဟုတ်သလို အနာတရ တွေနဲ့ နာကြဉ်နေတာမျိုးလည်း ဖြစ်စေချင်မှာ မ ဟုတ်ပဲ အချစ်ကို အမြဲတမ်းပျော်ရွှင် နေစေချင်မှာအ မှန်ပါ၊ အဲ-- ဒါပေမဲ့ လူတိုင်း သတ္တ၀ါတိုင်းက မချစ်တတ်တော့ အချစ်ခမြာ နာမည်ကောင်း မ ရရှာပဲ ခဏခဏ နာမည်ပျက်ရရှာတာပေါ့ကွယ်။ ဒီတော့ ဘာလုပ်ကြမလဲ - မခက်ပါဘူးလေ - ချစ်တတ်အောင် သင်ရ ကြ- လေ့လာကြရမှာဖြစ်ပါ တယ် ။ ဒါဆိုရင် ချစ်တတ်အောင်ကော ဘယ်လို လေ့လာ ဘယ်လိုသင်ယူမလဲ ။ လွယ်လွယ်လေးပါ ။- အဲ - လွယ်တယ်-ဆိုပေမဲ့ လွယ်မယောင် နဲ့ခက် ၊ တိမ်မယောင်နဲ့နက် ဆိုသလို အချစ်ကို ကိုင်တွယ်ရတာ ခက်တယ်လေ။ ဒါဆို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုသင်မလဲဆိုတာသိရအောင် ဖတ်ဖူး လေ့လာဖူးခဲ့တဲ့ ဇာတ်ဝတ္ထုလေး တစ်ခုကိုဖောက်သည်ချ- တင်ပြချင်ပါတယ် ။ ကလေးတို.ရေ ---- ဘုရားအလောင်းတော် နုစဉ်အချိန်က မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေး ဖြစ်ခဲ့စဉ်က အချစ်ကို ရွှေတင်မြခက် စုံဖက်မြတ်နိုး-အောင်မြင်မှု တန် ခိုးနဲ့ နာမည် ကောင်းရအောင် လုပ် သွားတဲ့ နည်းလေး ကို ပြောပြချင်ပါတယ်၊ ဇာတ်တော် အရှည်ကြီးကို အကျဉ်းချုံးပြောပြပါမယ်၊ အဲဒီ မစလရွာမှာ“မာဃ” ဆိုတဲ့အမျိုးသားလေးက လမ်းတွေပြင်တယ်၊ တံတားတွေဆောက်တယ်၊ အများအကျိုးကို ကူညီတဲ့ ကုသိုလ်အလုပ် တွေကို လုပ်ပါတယ်၊ သူ.မှာ ---- (၁) သုဓမ္မာ (၂) စိတ္တာ (၃) နန္ဒာ (၄) သုဇာ ဆိုတဲ့ ဇနီး လေးယောက်တောင် ရှိသတဲ့ ။ သူနဲအတူ သူ့နောက်လိုက် လူငယ်လေးတွေ(၂၉)ယောက်ကလဲ အများအကျိုးတွေကို သယ်ပိုး ဆောင် ရွက်ကြတဲ့အပြင် ငါးပါးသီလကိုလဲ အမြဲစောင့် ထိန်းကြပါသတဲ့ ။ တစ်နေ့မှာ သူတို့လူငယ် လေးတွေ တိုင်ပင်ပြီး ရွာလယ်မြေကွက်လပ်မှာ ဇရပ်ကြီး တစ်ဆောင်ဆောက် လုပ်ကြပါတယ် ။ အဲဒီ ဇရပ် ကြီး ရဲ့ထိပ်မှာ လိုတဲ့ပစ္စည်း သစ်သားတွေကို “သုဓမ္မာ” က ပါဝင် ကုသိုလ်ယူပါတယ်၊ “စိတ္တာ” ဆို တဲ့ ဇနီး ကတော့ အဲဒီဇရပ်ကြီးနားမှာ ပန်းမျိုးစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခု ဆောက်လုပ် လှူဒါန်း သလို “နန္ဒာ”ဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒိ ဥယျာဉ်နားမှာပဲ ကြာမျိုးငါးပါးနဲ့ ပြည့်စုံ တဲ့ရေကန်ကြီး တစ် ကန်တူးဖော် လှူဒါန်းပါတယ် ။ ဒီလို လူအများက ကုသိုလ်ကောင်းမှုတွေ လုပ်ကြ ၊ သီလဆောက် တည်ကြပေမဲ့ “သူဇာ”ဆို တဲ့ ဇနီးကတော့ နေ.စဉ် အလှပြင်၊ သူ.လင်တော်မောင်လုပ်ရင် သူလဲရမှာ ပဲ ဆိုပြီး ထိုင်ကြည့် နေပါသတဲ့ ။ ဒီလိုနဲ့ “မာဃ” ဦးဆောင်တဲ့ လူငယ်အယောက်သုံးဆယ်နဲ့ သုဓမ္မာ၊ စိတ္တာ၊ နန္ဒာတို့တစ်တွေဟာ- ကုသိုလ်ကောင်းမှုတွေပြုပြီး၊ သေလွန်သွားကြတော့ တာဝတိံသာနတ်ပြည်မှာ “မာဃ” လူငယ်လေးက သိကြားမင်းကြီးဖြစ်လာပြီး ကျန်တဲ့သူတွေက သူရဲ့နောက်လိုက် နတ်သားတွေ နတ်သမီး တွေဖြစ် လာပါတယ် ။ အဲဒီအချိန်က တာဝတိံသာမှာ အသူရာတွေနေထိုင်ခဲ့တာပါ၊ သိကြားမင်းပိုင်ဆိုင်တဲ့ နတ်ပြည်မဟုတ်သေးဘူးပေါ့ ။ မာဃတို့လူငယ်တွေ ရောက်လာမှ အသူရာတွေကို မြင့်မိုရ်တောင်ခြေ ရင်းကို နှင်ထုတ် လိုက်ပါသတဲ့ ။ အဲဒီအသူရာတွေကလည်း အမြဲပဲအရက်မူးနေကြပါတယ်၊ အရက် အမူးပြေလို့ သခွတ် ပန်းပွင့်ချိန်ရောက်တိုင်း သူတို့ပြည်တာဝတိံသာကို သတိရကြတာ ကြောင့် တာဝတိံသာက သိကြား မင်းနဲ့ အသုရာတွေနဲ့ စစ် ခင်းကြတယ်လို. ဆိုပါတယ် ။ အဲဒီလိုနဲ့ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး ရန်သူကြီး တွေဖြစ်လာတာပေါ့ကွယ်။ စစ်ဖြစ်တိုင်းလည်း အသူရာတွေရှုံးပြီး သိကြားမင်းက အမြဲနိုင်ပါသတဲ့ ။ ကလေးတို.ရေ--- သိကြားမင်းက တစ်နေတော့ သူ.ဇနီးလေး ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ “သူဇာ” တာဝတိံသာမှာ ပါမလာတာ သတိထားမိသွားပြီး သူ.ရဲ့ အချစ်ဆုံးသုဇာလေး ဘယ်ဘ၀များ ရောက်နေလဲ၊ အဆင်ပြေ ရဲ့လားဆိုပြီး နတ်မျက်စိနဲ့ ရှာကြည့်တော့ - လားလား အဲဒီချိန်မှာ ကုသိုလ်ကောင်းမှု ဘာမှမလုပ်ခဲ့တဲ့ “သူဇာ”လေးက ငါးတွေဖမ်းစားနေတဲ့ ဗျိုင်းမလေးဖြစ်နေရှာသတဲ့။ ဒါနဲ့ သိကြားမင်းကလည်း မဖြစ်ချေဘူး၊ ငါရဲ့အချစ်လေးကို ကယ် မှပဲဆိုပြီး သူဇာဗျိုင်းမလေးရှိရာကို သွားပြီတော့ “ရှင်မရယ် မင်းမလဲ ရှေးကကုသိုလ်ကောင်းမှုနည်းခဲ့လို့ အခုလို တိရစ္ဆာန်ဘ၀ရောက်နေရတာ-ဒီဘ၀ က လွတ်အောင် ငါးပါး သီလဆောက်တည်ပါကွယ်” လို့ တိုက်တွန်းအားပေးခဲ့ အတိုင်း “သူဇာ” လေးကလဲ ချစ်တဲ့ စိတ် နဲ့ လေးစားစွာ လိုက်နာ ပြီး ငါးပါးသီလတွေမြဲအောင်စောင့်လိုက်တော့ သူသေလွန်တဲ့အခါ လူပြည်ကဗာရာဏသီပြည်မှာ အိုးလုပ်တဲ့အိမ်မှာသမီးကလေး ဖြစ်လာပါသတဲ့ကွယ်။ အဲဒီအိုးထိန်းသည် သမီးကလေးဘ၀မှာလဲ“သူဇာ”ဟာ ငါးပါးသီလတွေကို ဆက်လက်စောင့်ထိန်းပါ တယ် ။ အဲဒီအခါမှာလဲ တာဝတိံသာက သိကြား မင်းကြီးခများ မနေသာပဲ သူ.အချစ် “သူဇာလေး” ဘယ်ဘ၀ရောက်နေလဲဆိုတာ နတ်မျက်စိနဲ့ ရှာကြည့်ပြန်တော့ ဗာရာဏသီက အိုးထိန်းသည်အိမ်မှာ အိုးလုပ်သမလေးဖြစ်နေပြီး ဆင်းရဲနေတာ မြင်ပြန်တော့ သိကြားမင်းခများ အဖိုးအိုယောင်ဖန်ဆင်းပြီး၊ အဲဒီအိုးလုပ်တဲ့ ရွာထဲကို လှည်းကြီးနဲ့ ရွှေဖရုံသီး တွေတင်သွားတယ်။ ရွာသူရွာသားတွေကလည်း ရွှေဖ ရုံသီးတွေ ရောင်းပါလို့ အဖိုးအိုယောင် ဆောင်ထားတဲ့ သိကြားမင်းကိုပြောတော့ သကြားမင်းက “ရောင်းဖို့မဟုတ်ဘူး - ငါးပါးသီလစောင့်တဲ့ - ငါးပါးသီလကို သိတဲ့သူကို ပေးဖို့ယူလာတာလို့ ပြော လွှတ်ပါတယ် ။ အဲဒီအချိန်မှာ“သူဇာ”အိုးလုပ် သမလေးက သူငါးပါးသီလကိုသူသိပါတယ်၊ သူရွှေဖရုံ သီးတွေပေးပါလို့ တောင်းတော့ သိကြားမင်းက“သုဇာ” ကိုရွှေသခွားသီးတွေပေးပြီး၊ "ကုသိုလ် ကောင်းမှု တွေလုပ်ပါ -သီလတွေကို ဆက်လက်စောင့်ထိန်းပါ” လို့ မှာကြားပြီး တာဝတိံသာကို ပြန်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဇာအိုးလုပ်သမလေးဟာ အဲဒီဘ၀မှာ သီလတွေစောင့် ၊ အလှူဒါနတွေ လုပ်ပြီး သေဆုံးတဲ့ အခါ သကြားမင်းတို့ရဲ့ ရန်သူတော်တွေနေတဲ့ အသူရာနတ် ပြည်မှာ အသူရာနတ်ဘုရင်ရဲ့ သမီးနတ်သမီးလေးသွားဖြစ်ပါတယ်။ ဘ၀တိုင်းဘ၀တိုင်း သီလတွေစောင့်တည်ခဲ့တဲ့အတွက်ရုပ်ရှည်အဆင်း က အရမ်းကိုလှပပြီး မြင်ရတဲ့ နတ်သားတိုင်းက သုဇာနတ်သမီးလေးကို သိမ်းပိုက်ချင်ပါ သတဲ့၊ “သုဇာလေးကိုရရင် သေပျော်ပါပြီ “ လို့ ပြောရတဲ့ အထိကို ဖြစ်ကြခဲ့ပါသတဲ့ ။ အဲဒီသတင်းကို တာဝတိံသာက သိကြားမင်းကကြားတော့ အသူရာနတ်ပြည်ကို ရုတ်တရက်ဆင်းလာပြီး သုဇာလေးကို လာကြည့်တဲ့အခါ ဘ၀-ဘ၀ တိုင်းက အချစ်မေတ္တာ တန်ခိုးတွေကြောင့် မြင်မြင်ခြင်း ချစ်မိသွားပြီး တာဝတိံသာကို ခေါ်သွားပါသတဲ့ ကွယ် ။ ဒါ့ကြောင့် -- အချစ်က မီးဖြစ်ချင် ဖြစ်မယ်၊ ရေဖြစ်ချင် ဖြစ်မယ်၊ ဒါပေမဲ့ အသုံးချတတ်မှ ရေဖြစ်မှာနော်-ဘာ့ကြောင့် လဲ ဆိုတော့ ဒီဇာတ်တော်မှာ အချစ်ကြောင့် ၊ ရှင်းရှင်းလင်းလင်း ပြောရရင် သိကြားမင်းက“ သူဇာ” လေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာ ကြောင့် ဘ၀ခြားပေမဲ့ ခဏမခြား လာလာပြီး သီလတွေ ဆောက်တည်ပါ - အလှူဒါနတွေလုပ်ပါ လို့ တိုက်တွန်းခဲ့တာ မဟုတ်ပါလား ။ အဲဒီလိုပါပဲ “သူဇာ” လေးကလည်းသကြားမင်းကို ချစ်တဲ့ စိတ်နဲ့ ချစ်သူပေးတဲ့ ဆုံးမစကား တွေ အကြံ ကောင်းတွေကို တစ်သွေမတိမ်းလိုက်နာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့ နောက်ဆုံးမှာ ပြန်လည် ဆုံးဆည်းကြရတာနော် ။ တကယ်တော့ တစ်ဦးမေတ္တာကို တစ်ဦးက တန်ဖိုးထား- လေးစား တတ်ကြ ဖို. အထူး လိုအပ်လှပါတယ် ။ ဒါကြောင့် အချစ်နဲ့ မကင်းသေးတဲ့ သူများ အားလုံးလည်း အချစ်ကို မီးမ ဖြစ်အောင် ကြံဆောင်နိုင်ကြ ပါစေလို.“အရှင်အကုင်္ရ”က ဆိုဆုံးမတော်မူထားခြင်းဖြစ်ပါတယ် ။ အော်---------- အချစ်ဟာ တကယ်ချစ်တတ်ရင် မီးလို မပူပဲ ရေလိုအေးမြနေမှာ အမှန်ပါပဲ ။ ကဲ - - ကလေးတို.အားလုံးလည်း ဘယ်သူ.ကိုမဆို တစ်ဦးနဲ.တစ်ဦး စစ်မှန်သော မေတ္တာတရားဖြင့် ချစ်တတ်ကြပါစေကွယ် --- “အရှင်အကုင်္ရ” ၏ တရားတော်ကို မှီငြမ်းကာ ပြန်လည်ရေးသားထားခြင်းသာဖြစ်ပါသည် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter