ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Friday, October 31, 2014

အထင်လောက်ဖြင့် ဘဝင်မမောက်သင့်ပါ

အားလုံး -မင်္ဂလာပါ - ဒီဆောင်းပါးလေးကတော့ နေပြည်တော် မြန်မာ့အသံ- “ လူငယ်မှတ်သား-သုတစကား ” ကဏ္ဍမှ အသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ အခုတင်ပေးလိုက်တဲ့ ဆောင်းပါးကိုလည်း "အရှင်ဆန္ဒာဓိက"၏ တရားတော်မှ ကောက်နှုတ်- ဖြည့်စွက် တင်ဆက်ထားခြင်းဖြစ်ပြိး ၂၈-၁၀-၂၀၁၄ အင်္ဂါနေ.နှင့် ၃၁ -၁၀ -၂၀၁၄ သောကြာနေ.မှာ မြန်မာ့အသံ ရေဒီယိုမှ ထုတ်လွှင့်သွားခြင်းဖြစ်ပါတယ်။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း ၄၀ နဲ.သောကြာနေ. နံနက် ၁၀း၄၀) မှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ (www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ ရုပ်မြင်မှာ မျှားလေးတွေပါတဲ့ Radio ကိုရွေးပြီး မျှားလေးကို ကလစ်ပါ -နားဆင်လို. ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ======================================================================================
မင်္ဂလာပါကလေးတို.ရေ ဒီနေ. .ကလေးတို.အတွက် စီစဉ်ထားတာကတော့ “ အထင်လောက်ဖြင့် ဘဝင်မမောက်သင့်ပါ” ဆိုတဲ့ အကြောင်းလေးဖြစ်ပါတယ်။ ကလေးတို.ရေ-- ဆရာမတို. လူသားတွေဆိုတာက ပုထုဇဉ်တွေဆိုတော့ --တချို.ကျတော့လည်း--“ ငါမှ ငါ- ငါပြောတာသာအမှန်- ငါလုပ်တာသာအမှန် -ငါသာတော်တယ်- ငါသာတတ်တယ်- ငါလိုလူ -ဒီဇမ္ဗူမှာမရှိ” ဆိုတဲ့ အယူအဆ အတွေးအမြင်တွေနဲ. ဘဝင်ကြီးတွေ မြင့်နေလိုက်ကြ တာ- ကလေးတို.လည်း တွေ.ဖူး ကြုံဖူးကြ မှာပါနော်- အဲ--တစ်ချို.ကျတော့လည်း ဒီလိုမိမိကိုယ်ကို အထင်ကြီး ဘဝင်မြင့်နေရုံမျှ မ ဟုတ်ပဲ သူတပါးကိုအထင်သေးအမြင်သေးနဲ. တွေးတတ်-ပြောတတ်ကြတာလေ။ အမှန်တော့ သူလည်း အဲဒီ လူအကြောင်းသေသေချာချာ ဘာမျှ မသိပဲနဲ.အထင်နဲ. စွတ်စွဲတတ်တဲ့သဘောပါ ။ သဘောကတော့ မိမိကိုယ်ကို အထင်ကြီးပြီး သူတပါးကို အထင်သေး နှိမ့်ချချင်တဲ့ သဘောပေါ့ကွယ်။ ဒါကိုရည်ရွယ်ပြီး” အထင်လောက်ဖြင့် ဘဝင်မမောက်သင့်ပါ” လို.ဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ ဒီလို မိမိ ကိုယ်ကို အထင်ကြီး-ဘဝင်မြင့်ခြင်းဟာလည်း “မာန်” ဆိုတဲ့ “မာန” တက်နေခြင်းသာပဲမဟုတ်ပါလား။ နှလုံးလေပင့်-ဘ၀မြင့်သူအလား ထောင်လွှားတက်ကြွ မာန်မာနဖြစ်ခြင်းသည် သူတစ် ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက နောက်နောက်ဘ၀ များမှာလည်း အမျိုးညံ့ ဖို့အကြောင်းမကောင်းသက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက် တန်းရောက်နေသော်လည်း နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကို သာ ရွယ်ကိုး၍ “အစွယ်ကျိုးသောမြွေ၊ ဦးချို ကျိုးသောနွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ သာနေထိုင်ကြ ရမည်” လို. ဆရာတော် အရှင်ဆန္ဒာဓိက က မိန်.ဆိုထားပါတယ်။ မာနနဲ့ ဘ၀င်မြင့်နေသူများရဲ့ ကြားမှာတော့ မာနမရှိ သောအားဖြင့် ဘ၀င်နိမ့်ပါလို.လည်း ဆိုဆုံးမတော်မူထားပါတယ် ။ ဘ၀င်နိမ့်အောင် နှလုံးသွင်ဆင်ခြင်ခြင်းအားဖြင့်လည်း ဘ၀င်ကို နှိမ့်ချလို့ ရပါသတဲ့ ။ နှလုံးသွင်းဆင်ခြင်နေတဲ့ ကြားထဲက ဘ၀င်မြင့်လာ တယ်ဆိုရင်လည်း အဲဒီမြင့်လာတဲ့ ဘ၀င်ကို သတိပဋ္ဌာန်ဝိပဿ နာလေးနဲ့ ရှုမှတ်ပြီးတော့ နှိမ့်ချပစ်လို့ ရပါတယ်တဲ့နော် ။ ကလေးတို.ရေ -- တကယ်လို. မာနစိတ်ပေါ်လာတယ်ဆိုရင် ဘယ်လိုရှုမလဲ - မခက်ပါဘူးကွယ်- အဲဒီမာနစိတ်လေးကိုပဲ စူးစိုက်ပြီး ရှုရမှာပါပဲ။ ဘ၀င်မြင့် တဲ့စိတ်ပေါ်လာရင် ဘ၀င်မြင့်တယ်၊ ဘ၀င်မြင့်တယ်လို့ အရှိအတိုင်း ရိုးရိုးရှင်းရှင်းလေး မှတ်လိုက်ရုံပါပဲ ။ သတိပဋ္ဌာန်ဝိပဿနာလောက်လွယ် တာ မရှိတော့ပါဘူး - ဒါပေမဲ့ မလုပ်ကြလို့သာ -လို.လည်း ဆရာတော်က ဆိုပါတယ်။ ပထမအဆင့် အရေးကြီးတာက အဲဒီမာနရဲ့ သဘော သဘာဝကို သိဖို့ပါပဲ။ ` မာနစိတ်ဟာ ဘယ်လိုသဘောရှိလဲ၊ မာနစိတ်ဆိုတာ ဘယ် လိုဖြစ်နေတာလဲ၊ မာနစိတ်ကလေးရဲ့ အခြင်းအရာလေးက ဘယ် လိုလဲ ၊ ဘယ်လိုလေးဖြစ်နေတာကို မာနလို့ခေါ်တာလဲ´- လို့ စိတ်ဝင် တစားနဲ့ မာနရဲ့ သဘောလေး ကို စူးစိုက်ကြည့်တာကိုပဲ မာနဖြစ်ရင် "မာနဖြစ်တယ်"လို့ မှတ်လို့ ပြောတာပါ။ အဲဒီလိုသဘောသိ အောင် စူးစိုက်ကြည့်ရင်းမှတ်နေရင် မာနရဲ့ သဘောသဘာဝကို လက်ဝါးပေါ်တင်ကြည့်သလို မြင်လာပါလိမ့်မယ်။ ကိုယ့်စိတ်မှာ မာနဖြစ်လာတယ် ဆိုရင် အဲဒီမာနလေးကို အာရုံပြုပြီးတော့ မာနဖြစ်တယ်၊ မာနဖြစ်တယ်၊ ဘ၀င်မြင့်နေတယ် ၊ ဘ၀င်မြင့်နေတယ် ၊ အထင်ကြီးနေတယ် ၊ အထင်ကြီးနေတယ်။ အဲဒီလို လေးငါး ဆယ်ခါလောက် မှတ်လိုက်တယ်ဆိုရင်ကိုပဲ ကိုယ်စိတ်ကလေးက ကိုယ်မာနဖြစ်နေတဲ့အာရုံဆီကို မရောက်တော့ဘူးလို.လည်း သိရပါတယ်။ အဲဒီလို ကိုယ့်မှာဖြစ်နေတဲ့ မာန- ဘဝင်မြင့်နေတဲ့ စိတ်ကလေးကို ချက်ချင်းရှုပစ်လိုက်လို့ရှိရင် မာနစိတ်ရဲ့ သဘောသဘာဝကို သိလာပြီး တဖြည်းဖြည်းနဲ့ မာနအရှိန် လျော့လျော့သွားပြီး နောက်ဆုံးတော့ ဖြစ်နေတဲ့ မာန နဲ. ဘဝင်မြင့်စိတ်လေး ပျောက်သွားပါလိမ့်မယ် တဲ့လေ။ အမှန်ကတော့ လူတွေမာနဖြစ်လို့သာဖြစ်နေကြတာပါ။ တကယ်တော့ မာနဖြစ်လောက်စရာ ဘာမှမရှိပါဘူးကွယ် ။ တကယ်တန်း "မာ"ရင် တော့ "န" သွားလိမ့်မယ် -လို.ဆိုပါတယ်။ မြင့်သူတွေရဲ့ကြားမှာ နိမ့်တဲ့အတွက် ကိုယ့်ဘ၀နိမ့်သွားမယ်လို့ မထင်ပါနဲ့။ မြင့်သူတွေရဲ့ကြားမှာ နိမ့်လိုက်မှ ကိုယ့်ဘ၀ မြင့်နိုင်တာပါ။ ဒါ့ကြောင့် မြင့်သူတွေရဲ့ကြားမှာ နိမ့်လိုက်လို့ နိမ့်မသွားပါဘူး။မြင့်လာပါ လိမ့်မယ် -တဲ့ ။ မြင့်သူကြား မှာ နိမ့်မှသာ မြင့်ရာရောက်နိုင်ပါသတဲ့။ မာနတွေကြီးပြီးတော့ ဘ၀င်မြင့်နေတဲ့သူတွေကြားမှာ မာနကို နှိမ့်ချပြီးတော့ ဘ၀င်နိမ့်ပြမယ်ဆိုရင် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ရောက်ကြရမျာဖြစ်ပါ တယ် ။ မာနကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လေရာဘ၀မှာ ယုတ်ညံ့တဲ့အမျိုးမှာဖြစ်တတ်ပါသတဲ့။ ဒါ့ထက်ပိုပြီး အကြီးဆုံးအကျိုးကတော့ အပါယ်လေးပါးရောက်နိုင်ပါသတဲ့ ။ ဆိုလိုတာကတော့ မာနကြီးရင်လည်း အဲဒီမာနကြောင့် အပါယ်လေးပါးကိုရောက်မှာပဲ ။ အပါယ်လေးပါးကလွတ်ပြီး လူပြန်ဖြစ်ပြီဆိုရင်လည်း အမျိုးယုတ်ညံ့ပြီး နိမ့်ကျတဲ့အမျိုးမှာ ဖြစ်တက်ပါသတဲ့ ။ ကြောက်စရာနော် ။ ကိုယ်ရဲ့အထင်ကတော့ ငါအမျိုးမြတ်တယ်၊ ငါအမျိုးမြင့်တယ် ဆိုပြီး လက်မထောင် ပြီးတော့ ဘ၀င်မြင့်လိုက်တယ်။ အဲဒါ အကျိုးပေးတော့ ကိုယ်ကသူများကိုနှိမ့်ချပြောခဲ့ဖူးတဲ့ အမျိုးယုတ်အမျိုးညံ့မှာပဲ သွား ပြီးဖြစ်ရပါတယ်။ မြင့်တဲ့အတွက် နိမ့်သွားတာပါ။ ဘ၀င်မြင့်ခဲ့မိတဲ့အတွက် ဘ၀နိမ့်သွားတာပါ ။ ဒီလိုပဲ ဘဝင်မြင့်ရင် ဘဝမမြင့်ပါဘူး။ နိမ့်ပါတယ် ။ ဆိုလိုတာကတော့ - ဘ၀င်မြင့်ရင် ဘ၀မမြင့်ဘူး -ဘ၀နိမ့်ပါ တယ် ။ ဒီလိုပါပဲ ဘ၀င်မမြင့်ဘူး ၊ မာနမကြီးဘူးဆိုရင် ဖြစ်လေရာဘ၀မှာ အမျိုးမြတ်ပါတယ်။ အမျိုး မြင့်ပါတယ်။ နိမ့်တဲ့အတွက် မြင့်သွား တာပါ။ ဘ၀င်နိမ့်တဲ့အတွက် ဘ၀မြင့်သွားတာပါ ။ ဆိုလိုတာကတော့ ဘ၀င်နိမ့်ရင် ဘ၀မြင့်ပါတယ်။ ဗုဒ္ဓမြတ်ဘုရားလက်ထက်က ပုဏ္ဏိကာထေရီဆိုတာရှိပါတယ်။ သူက လူ့ဘ၀ရတုန်းက အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ ရေခပ်ကျွန်မရဲ့သမိး ကျွန်မလေးဖြစ်နေပါတယ်။ ဘာကြောင့် သူက ဒီလို ကျွန်မဖြစ်ရတာလဲ ဆိုရင် သူဟာ ရှေးဘုရားခြောက်ဆူလက်ထက်မှာ ပိဋကတ်သုံးပုံ ကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမ ဖြစ်ခဲ့ဖူးပါတယ်။ ခြောက်ဘ၀လုံးမှာ တရားဟောကလည်း အင်မတန်ကောင်းတယ်။ ဗဟု သုတကလည်း အင်မတန် ပြည့်စုံပါသတဲ့။ပညာဗဟုသုတ ပြည့်စုံတာ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တာ၊ တရားဟောကောင်းတာကို အကြောင်းပြုပြီးတော့ မာနတွေ ကြီးနေခဲ့ပါတယ်။ ခြောက်ဘ၀လုံး မာနတွေကြီးခဲ့တယ် ။ ဘ၀င်တွေ မြင့်ခဲ့တယ်။ မာနတွေကြီး၊ ဘ၀င် တွေမြင့်ပြီးတော့ ဘုန်းကြီးလည်း ဘုန်းကြီးမထင်၊ ဘိက္ခုနီမလည်း ဘိက္ခုနီမ မထင်ဖြစ်ခဲ့တဲ့အပြင် ဟိုလူလည်း လူမထင်၊ ဒီလူလည်း လူမထင်နဲ့ မာနတွေကြီးပြီးတော့ ဘ၀င်တွေမြင့်ခဲ့တာပါ ။ပိဋကတ်သုံးပုံ အာဂုံဆောင်ပြီးတော့ သီလ၊သမာဓိ၊ပညာသိက္ခာသုံးပါးကို ဖြည့် ကျင့်ပေမယ့်၊ ၀ိပဿ နာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် မာနတွေကြီးနေခဲ့တာကြောင့် ကိလေသာ တွေ ကို အပြီး သတ် ပယ်သတ်ဖို့ မစွမ်းနိုင်ခဲ့သလို တရားထူး တရားမြတ် လုံးဝမရခဲ့ဘူး။ သိပ်ကိုသံဝေဂရစရာကောင်းတာနော်။ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်၊ ပရိယတ္တိတွေလည်းပြည့်စုံ၊ ပဋိပတ္တိတွေလည်း ပြည့်စုံ၊ သူများကိုလည်း ကျွတ်တမ်းဝင်နိုင်အောင် ဟောနိုင်ပြောနိုင်ပါလျက်နဲ့ မိမိကိုယ်တိုင် ကတော့ မာနတွေ ခံနေတဲ့အတွက်ကြောင့် တရားထူးတရားမြတ် မရခဲ့ခြင်းပဲဖြစ် ပါသ တဲ့ကွယ် ။ ကြောက်စရာကောင်းလိုက်တာနော် ။ ပုဏ္ဏိကထေရီမအလောင်းမှာ ပရိယတ်၊ ပဋိပတ်ပြည့်စုံပါလျက် မာနကြီးမိခဲ့လို့၊ ဘ၀င်မြင့်ခဲ့မိလို့ဘဝ နိမ့်ကျသွားခဲ့ရတာပါ ။ စာဘယ် လောက်တက်တက်၊ တရားဘယ်လောက်အားထုတ် အားထုတ်၊ မာနကြီးနေရင်၊ မာနခံနေရင်၊ ဘ၀င်မြင့်နေရင်၊ ဘ၀င်ခံနေရင် ဘယ် တော့မှ တရားထူးတရားမြတ်မရပါဘူးတဲ့အပြင် နိမ့်ကျတဲ့ ဘဝကိုသာ ရလာမှာပါ ။ သက်တော်ထင်ရှားဘုရားခြောက်ဆူနဲ့ ခြောက်ကြိမ် တိုင်တိုင် ဆုံရတာတောင် မာနခံနေလို့ တရားမရ ဘူးဆိုမှတော့ သက်တော်ထင်ရှားဘုရားနဲ့ မဆုံရ တဲ့ အခုလိုအချိန်မျိုးမှာတော့ပြော မနေနဲ့ပေါ့ကွယ်။ မာနတွေ- ဘဝင်တွေ - သိပ်ကြောက်စရာကောင်းတယ်နော်။ ကိုယ့်ဘာသာကိုယ်မာနကြီးတာ-ဘဝင်မြင့်တာဘာဖြစ် လဲလို့ ခါးမထောက်ပါနဲ့-ဘာမှမဖြစ်ပါဘူး။ တရားထူးတရားမြတ်မရရုံ-အပါယ်ငရဲကျရုံနဲ့ အမျိုးညံ့-အမျိုးယုတ်ရုံလေးပဲဖြစ်လာမှာပါတဲ့လေ။ ကလေးတို.ရေ --- အခြံအရံရှိခြင်း၊ မရှိခြင်း။ လာဘ်ရခြင်း၊ မရခြင်း။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတဲ့အဲဒီ လောကဓံ - စတဲ့ လေတွေက တိုက်တိုက်ပေးလိုက်တော့မှ လောကဓံကို မခံချင်စိတ်နဲ့ ကြိုး စား၊လောကဓံကို အန်တုရင်း ကြိုးစား၊ လောကဓံကို အရှုံး မပေးရင်း ကြိုးစားနဲ့ တဖြည်းဖြည်း အောင်မြင်လာရတာဆိုတော့ အဲဒီလောကဓံတွေကိုက ကိုယ့်ကို အဆင့်မြင့်အောင် မြှင့်တင်ပေးနေ ရမှာပါပဲ။ ဒါကြောင့် " သြော် -ငါ့ဘ၀တစ်ခု မြင့်မားလာရတာ၊ ဘ၀တစ်ခု ပြည့်စုံလာရတာ သက်ရှိကျေးဇူးရှင်တွေရော၊ သက်မဲ့ ကျေးဇူးရှင်တွေအားလုံးရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်ပါလား"-လို့ နှလုံးသွင်းတက်မယ်ဆိုရင်ကိုပဲ မာနကလည်း ကြီးစရာမရှိတော့ပါဘူး။ ကူညီပံ့ပိုးမှုဆိုတာ နေရာတိုင်းမှာရှိရတာပဲ။ မဟာဂန္ဓာရုံအနွယ်ဝင် ဆရာတော်ကြီး တစ်ပါးရဲ့ ကဗျာတစ်ပုဒ်ကို သတိယမိပါတယ် --- "မင်းမပါ ဘယ်ဟာမှ မပြီး၊ မင်းချည်း တော့လည်း ဘာမှမပြီး။ သူမပါ ဘယ်ဟာမှ မပြီး၊ သူချည်းတော့လည်းဘာဟာမှမပြီး။ ငါမပါ ဘယ်ဟာမှ မပြီး၊ ငါချည်းတော့လည်း ဘယ်ဟာမှမပြီး။ မင်း-သူ- ငါ ၊ စုပေါင်းညီညာမှ၊ အရာရာအကုန်ပြီး၊ ပြုကြစုစည်း”တဲ့ ။ကဗျာရဲ့ အဓိပ္ပါယ်ကတော့ ရှင်းနေတာပါ- အများနဲ့ စုပေါင်းအလုပ်လုပ်နေတဲ့သူတွေ အမြဲနှလုံး သွင်းသင့်တဲ့ ကဗျာဖြစ်ပါတယ်။လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အားလုံး ညီညီညာညာနဲ့ စုပေါင်းပြီးတော့ လုပ်ကြရတာပါ ။ ဒါ့ကြောင့် အများနဲ့စုပေါင်းပြီးလုပ်မှ အောင်မြင်နိုင်တဲ့လုပ်ငန်းကို အကြောင်းပြုပြီး တော့ မာနမဖြစ်သင့် - ဘဝင်မမောက် သင့်ဘူးနော်။ ကဲ--ကလေးတို.အားလုံးလည်း “ မြင့်သူကြားမှာ နိမ့်မှသာ၊ မြင့်ရာရောက်နိုင်သည်” ဆိုတဲ့ စကားလေး ကို အစဉ် သတိတယ ရှိနေပြီး ကလေးတို.ရဲ့ ဘဝ ထာဝရလှပအောင်ကြိုးစားနိုင်ကြပါစေကွယ်--

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter