ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, March 19, 2013

"မေးမြန်းစူးစမ်း၊ဓမ္မလမ်း” (ခလေးတို့ဆရာမနှင့် ဆရာတော်အရှင်ဝိမလ၀ံသတို့၏ အင်တာဗျူးအစီအစဉ်)











ဗုဒ္ဓကမ္ဘာမှ ဓမ္မမိတ်ဆွေများအားလုံးကို “မင်္ဂလာ“ပါလို့ ပထမဦးစွာ နူတ်ခွန်းဆက်သ-ဂါရဝပြုပါရစေ။ ကျွန်မတို့ ဗုဒ္ဓကမ္ဘာတွင် ပါဝင်ရေးသားဆွေးနွေးနေကြတဲ့ ကလောင်ရှင်များရဲ့ ရင်ထဲမှ ပေါ်ထွက်လာတဲ့ လူမှုရေးနဲ့ ဘာသာရေးအပေါ်အမြင် အတွေ့ အကြုံစတဲ့ ရင်တွင်းမှ စကားလေးတွေကို ပြန်လည်မျှဝေ နားဆင်ခွင့်ရစေရန်အတွက် ဗုဒ္ဓကမ္ဘာ အင်တာဗျူးကဏ္ဍလေးကို အစီအစဉ် သစ်လေးတစ်ခုအနေနဲ့


တင်ဆက်ပေးထားတဲ့အတိုင်း ဒီကဏ္ဍလေးအတွက် ဗုဒ္ဓကမ္ဘာမှ ကလောင်ရှင်များအားလုံး ကို အလှည့်ကျအနေဖြင့် တွေ့ဆုံမေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ဒုတိယ အကြိမ်မြောက် အင်တာဗျူးမှာ ကျွန်မတို့ ဗုဒ္ဓကမ္ဘာဆိုဒ်ထဲမှ သာသနာ့ဝန်ထမ်း ရဟန်းဘဝနဲ. တစ်ဖက်တစ်လမ်းကနေပြီး ပုထုဇဉ်လူသားများအတွက် စာပေဆောင်းပါးများကို မနားမနေ ရေးသားမျှဝေညွှန်ပြ ဆုံးမပေးတော်မူနေတဲ့ ဗုဒ္ဓကမ္ဘာမှ စာဆိုတော် “အရှင်ဝိမလဝံသ“ အား ရိုသေလေးစားစွာဖြင့် ဗုဒ္ဓကမ္ဘာ မိသားစုကြီး ကိုယ်စား မေးခွန်းလေးများကို မေးမြန်းရန် “ကလေးတို.ဆရာမ“ မှ တာဝန်ယူ တင်ဆက်ပေးမှာဖြစ်ပါတယ်။ မင်္ဂလာပါဘုရား... ဦးတင်ပါတယ်ဘုရား။ ********** မင်္ဂလာပါဒကာမကြီး။ တွေ့ရတာဝမ်းသာပါတယ်။ ********** အရှင်ဘုရားအနေနဲ အခုလို မေးမြန်း-လျှောက်ထားခွင့်ပြုတဲ့အတွက် အားလုံးကိုယ်စား ကျေးဇူးအများကြီးတင်ပါ တယ်ဘုရား ။ ********** ဟုတ်ကဲ့။ ဦးဇင်းလည်း အခုလိုပြောပြခွင့်ရတဲ့အတွက် ဒကာမကြီးနဲ့ ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဆိုဒ်ပိုင်ရှင်၊ အက်ဒမင်များနှင့် (Members)များအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ********** အရှင်ဘုရားရဲ့ ငယ်နာမည်- အသက်နဲ.တကွ ဇာတိမြေ- အမိ-အဖ အမည်တို့ကိုလည်း သိခွင့်ပြုပါဘုရား။ ********** ဦးဇင်းငယ်နာမည်က ဝင်းမင်းထွဋ်ဖြစ်ပြီး 26-10- 1984၊ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ ဖခင်ဦးဝင်းမောင်၊ မိခင်ဒေါ်စန်းနွဲ့တို့ မွေးဖွားပေးလိုက်တဲ့ တတိမြောက်သားဖြစ်ပါတယ်။ ********** အရှင်ဘုရားအနေနဲ. ကိုရင်ဘဝမှ ပဉ္စင်းတက်လာတာလား (ငယ်ဖြူလား) ဒါမှမဟုတ် အသက်၂၀-မှ ပဉ္စင်းဝတ်လာလားဘုရား။ ********** ကိုရင်(ရှင်သာမဏေ) ဘဝကနေရဟန်းတက်လာတာပါ။ ငယ်ဖြူတို့၊ တောထွက်တို့ဆိုတာ သာသနာမှာမရှိဘူးလို့ ဆရာတော်ကြီးတွေဖြေကြားထားတာကို ဖတ်ဖူးပါတယ်။ သာသနာမှာ ဆိုက္ကားသမားသားက ရဟန်းတက်ရင်လည်းရဟန်း၊ ကျောင်းဆရာသားက ရဟန်းတက်ရင်လည်းရဟန်း၊ ဝန်ကြီးသားက ရဟန်းတက်ရင်လည်း ရဟန်း၊ သမ္မတသားက ရဟန်းတက်ရင်လည်းရဟန်းတဲ့။ ဆိုတော့ သာသနာမှာ ရဟန်း(ဘိက္ခု၊ သမဏ) ဆိုတာပဲရှိတယ်လို့ဖတ်ဖူးတယ်။ အံ့ဖွယ်ရှစ်ဖြာသာသနာထဲမှာ (တစ်မည်ဖြစ်ခြင်းဆိုတာရှိတယ်လေ။) **************** အော်- အခုလို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ ဒါ့အပြင် အရှင်ဘုရားအနေနဲ့ ဒီဗုဒ္ဓကမ္ဘာဆိုဒ်ကို ဘယ်အချိန်မှစပြီး ဘယ်လို ဝင်ရောက်လာတယ်ဆိုတာလေးကိုလည်း မိန်.ကြားပေးပါအုံးဘုရား။ *************** 2011 ခုနစ်၊ ဇူလိုင်(July)လောက်က ဓမ္မမိတ်ဆွေတစ်ယောက်က ဖိတ်ကြားတာနဲ့ရောက်လာတာပါ။ *************** ဒီကနေ. လူငယ်-လူရွယ်လေးများ အတုယူ အားကျသွားစေ ရန်အတွက်နဲ့ အရှင်ဘုရားတို့ဆီက အတုယူစရာ-လိုက်နာ ကျင့်ကြံ အားထုတ် စရာများကိုမျှဝေပေးပါရန်သာ လျှောက်ထားပန်ကြားခြင်းဖြစ် ပါတယ်ဘုရား။ တကယ်တော့ ဘယ် အင်တာဗျူးမှာမှ သူတို့ ဘယ်လိုတော်ခဲ့တယ်၊ ဘယ်လိုပညာတွေတတ်တယ် ဆိုတာတွေ ကြွားလုံးထုတ်ကြတာတွေကိုတော့ မတွေ့ခဲ့ မရှိခဲ့ပါ။ အရှိကိုအရှိအတိုင်းသာ မေးကြဖြေကြတာကိုပဲ တွေ.ခဲ့မြင်ဖူးခဲ့ပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်းပဲ အရှင်ဘုရားတင်ပြကြတာတွေ.ဖူး ကြုံဖူးပါတယ်ဘုရား။ ဒါ့ကြောင့် အရှင်ဘုရားအနေနဲ့လည်း တကယ့်အတွေ့အကြုံလေးတွေကို လူငယ်လူရွယ်လေးများအတွက် မှတ်သားနာယူစရာများကို မိန့်ကြားပေးတော်မူပါဘုရား။ *************** "ပညာ နာရာနံသေဋ္ဌံ၊ ပညာလောကသ္မိ့ပဇ္ဇောတော" ဆိုသလိုပေါ့ ပညာက လူတို့ရဲ့အမြတ်ဆုံးတရား၊ ပညာဆိုတာ အရပ်ဒေသ အားလုံးကို ထွန်းလင်းတောက်ပစေတယ်။ ပညာရှိမှ အမှား အမှန် အကောင်းအဆိုးကို ခွဲခြားနိုင်မယ်။ ပညာပြည့်ဝမှသာလျှင် ကိစ္စ ကြီးငယ်ကို ဆောင်ရွတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပညာကို ကြိုးစားပြီးသင်ကြားကြပါလို့ လူငယ်များကိုတိုက်တွန်းချင်ပါတယ်။ ဦးဇင်းဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဂျပန်နိုင်ငံက လေယာဉ်ဆိပ်မှာ တခြားနိုင်ငံကလာတဲ့ အထုပ်တွေကို ရဲတွေနဲ့ ခွေးတွေက စစ်ဆေးတယ်တဲ့။ ဘာကိုစစ်ဆေးသလဲဆိုရင် တခြားနိုင်ငံက မျိုးစေ့တွေကို ဂျပန်နိုင်ငံထဲ သယ်လာသလားဆိုတာကို စစ်ဆေးတာ။ ချဉ်ပေါင်းတစ်စေ့၊ နှမ်းတစ်စေ့၊ ဆန်စပါးတစ်စေ့ စသည်ဖြင့်ပေါ့လေ။ အဲဒီမျိုးစေ့တွေကို ဂျပန်က မစစ်ဆေးဘဲလွတ်လိုက်ရင် အဲဒီ မျိုးစေ့တွေကိုစိုက်ပြီး အပင်တွေပေါက်၊ အသီးတွေဖြစ်ပြီး ဂျပန်နိုင်ငံကအပင်တွေ အသီးတွေကို အဲဒီမျိုးစေ့တွေ ဝါးမျိုလိုက်ပြီး ရော ထွးသွားရင် ဂျပန်နိုင်ငံက အစစ်အမှန်မျိုးစေ့တွေ ပျောက်ကွယ်သွားမှာစိုးလို့တဲ့။ ဆိုလိုတာက ဂျပန်နိုင်ငံရဲ့ အသိပညာကိုပြလိုက် တာပါ။ မျိုးစေ့တောင်မှအခြားနိုင်ငံက မျိုးစေ့တွေနဲ့ အရောမခံနိုင်ဘူးဆိုရင်၊ လူမျိုးတွေကိုလည်းအခြားလူမျိုးတွေနဲ့အရော မခံ နိုင်တဲ့အကြောင်း၊ အရော အနှောခံလိုက်ပါက မျိုးစေ့အစစ်အမှန်တွေ ကွယ်ပျောက်သွားသလို ဂျပန်နိုင်ငံသား အစစ်အမှန် တွေ ပျောက် ကွယ်သွားမည်ဖြစ်ကြောင်း ပြသလိုက်တာ။ ဒါကြောင့်လူငယ် လူရွယ်များအနေနဲ့လည်း လူမျိုးခြားများနှင့် သွေးနှော တာမျိုး၊ ရောနှောတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဦးဇင်းတို့ဒီမှာ ပညာသင်ကြားရတာ မြန်မာနိုင်ငံနဲ့မတူဘူး။ ဆွမ်းခံ လို့မရဘူး။ ကိုယ်တိုင်ဈေးသွားတယ်။ ကိုယ်တိုင်ချက်တယ်။ မင်း စာကျက်ပါလို့ တိုက်တွန်းမယ့် အုပ်ထိန်းသူဆရာသမားမရှိဘူး။ ကိုယ့်အသိနဲ့ကိုယ်ကြိုးစားကြရတာဆိုတော့ မြန်မာလူငယ်လေးများ အနေနဲ့ ကြိုက်ရာသင်တန်းတွေ ကျူရှင်တွေလည်းတက်ခွင့် ရတယ်။ အုပ်ထိန်းသူတွေရဲ့ အားပေးမှုကိုလည်းရနေတယ်။ အချိန်တန်ရင် ထမင်းဝိုင်းကို အဆင်သင့် ဝင်စားနိုင်ကြတယ်။ လုပ်ရ မှာက ပညာတစ်ခုတည်းကိုပဲ ကြိုးစားကြရမှာဆိုတော့ ဦးဇင်းတို့တောင် ဒုက္ခများကြားကနေ ကြိုးစားနိုင်သေးရင် ငါ့တို့လည်းဘာ လို့ မကြိုးစားနိုင်ရမှာလဲဆိုတဲ့ စိတ်ဓာတ်လေးမွေးပြီး ပညာသင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာလျှင် အနာဂတ်မြန်မာ နိုင်ငံတော်ကြီးကို ပညာတတ် ပညာရှိလူငယ်များက နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာတော်တို့ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ *************** အရှင်ဘုရားအနေနဲ့ ဒီဗုဒ္ဓကမ္ဘာဆိုဒ်မှာ အက်ဒမင်များကအစအဖွဲ့ဝင်များအားလုံးအပေါ် အမြင်မတော် - အကြားမလျော်တာများရှိပါလျင်လည်း အချိန်မီ ပြုပြင်နိုင်ကြဖို့ ထောက်ပြပြီး မိန့်ကြား ညွှန်ပြ-ဆုံးမပေးတော်မူပါအုံးဘုရား။ ************** ထောက်ပြစရာမရှိပါဘူး။ အားလုံး တော်ကြပါတယ်။ ************** အရှင်ဘုရားရဲ့ လက်ရှိဘဝမှာ ဘယ်လိုရည်ရွယ်ချက်များနဲ့ လှုပ်ရှား ကြိုးပမ်း အားထုတ်နေတယ်ဆိုတာလေးကိုလည်း သိခွင့်ပြု ပါဘုရား ။ ************** ဘာသာခြားတွေရဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် နှိပ်ကွက်ဖျတ်ဆီးနေတာကိုသိမြင်စေဖို့နဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိဘာသာ လူမျိုး သာသနာကို မိမိအသက်ထက် တန်ဘိုးထားတတ်စေချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဘာသာရေး အမျိုးသားရေးပိုစ့်များကို ဖြန့်ဝေပေးနေပါတယ်။ ************* အရှင်ဘုရားရဲ့ တပည့်တော်များအပေါ် အမြင်နဲ့ ပြုပြင်စရာလေးများကိုလည်း သနားသောအားဖြင့် မိန်.ကြားတော်မူပါအုံးဘုရား။ ************* လူငယ်တွေထက်မြက်ကြပါတယ်။ တစ်ချို့လည်း မှန်တဲ့လမ်းကိုလိုက်ပြီး ကြီးပွားချမ်းသာ အောင်မြင်အေးချမ်းကြသလို၊ တစ်ချို့ လည်း လမ်းမှားရောက်ပြီး ဆင်းရဲ စုတ်ပြတ် နိမ့်ကျ ပူလောင်တာတွေ တွေ့နေရပါတယ်။" ခေတ်"ဆိုတာမျိုးကို မပြောလိုပါဘူး။ ဒါပေမယ့် မိမိရဲ့မိသားစု၊ လူမျိုး ဘာသာ သာသနာနဲ့ ဖီလာဆန်ကျင်တဲ့၊ အပြောအဆို၊ အမူအရာ၊ အနေအထိုင်၊ ဝတ်စားဆင် ယင်မှုများကို ရှောင်ရှားစေလိုပြီး ဘာသာရေးစာပေများကို လေ့လာစေချင်ပါတယ်။ သို့မှသာ မဂ်ဖိုလ်ကနေ ဖီလာဆန့်ကျင် သူ တစ်ယောက်အဖြစ်မှ လွတ်ကင်းသွားမှာပါ။ ************* အခု အရှင်ဘုရားရောက်ရှိနေတဲ့ နေရာ-ဒေသရဲ့ ဘာသာရေး အခြေ အနေလေးများကိုလည်း ဗုဒ္ဓကမ္ဘာအဖွဲ့သားများအား မျှဝေ သိခွင့်ပါဘုရား ။ ************ အခုရောက်နေတဲ့နေရာက အိန္ဒိယနိုင်ငံပါ။ လက်ရှိ ပထမ-ဟိန္ဒူဘာသာဝင်များ၊ ဒုတိယ-အစ္စလာမ်ဘာသာဝင်များ အများဆုံးရှိ နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ မြတ်စွာဘုရားလက်ထက်တော်တုန်းကတော့ ဒီနိုင်ငံက ဗုဒ္ဓဘာသာ နေလိုလလို ထွန်းလင်းတောက်ပ ခဲ့တဲ့နိုင်ပါ။ အခုတော့ ဗုဒ္ဓဘာသာက မှေးမှိန်နေပါပြီ။ ရာခိုင်နှုန်းအားဖြင့် 0.03လောက်ပဲရှိတယ်။ ************ အရှင်ဘုရားရဲ့ စေတနာ-ဝါသနာနဲ့အားထုတ်မှုများကိုလည်းမိန့်ကြား ပေးပါအုံးဘုရား။ ************ ဦးဇင်းစေတနာကတော့ ဒီကမ္ဘာလောကကြီး အေးအေးချမ်းချမ်းရှိစေချင်ပြီး အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များအား လုံးကို အေး အေး ချမ်းချမ်း၊ ချမ်းချမ်းသာသာ၊ အပူအပင်ကင်းစွာ သံသရာအတွက် ကောင်းတဲ့အကျင့်ကောင်းတွေကို ကျင့်ကြံစေချင်ပါတယ်။ ဦးဇင်းဝါသနာက ပရဟိတလုပ်တာကို ဝါသနာပါသလို၊ စာဖတ်ခြင်းနဲ့ ဟောရေးပြောရေးတွေကို ဝါသနာပါတယ်။ ဝါသနာပါတဲ့အတိုင်း နှစ်စဉ်နှစ်တိုင်း ပရဟိတအလုပ်ကို ဦးဇင်းဦးဆောင်ပြီး လုပ်သလို၊ အခါအားလျော်စွာ တရားဟောခြင်းကို လည်းကောင်း၊ ဘာသာရေးပိုစ့်များရေးသားပြီး မျှဝေခြင်းလည်းကောင်း၊ နာရေးကူညီမှု(ဖျာပုံ)မှာ အလှူငွေများထောက်ပံ့၍ လည်းကောင်း၊ ယဉ်ကျေးမှုသင်တန်းများတွင် ကိုယ်တိုင်မသင်ကြားနိုင်သော်လည်း တတ်နိုင်သမျှ အားပေးထောက် ပံ့ကူ ညီ ခြင်းများကို မြန်မာနိုင်ငံသို့ပြန်ရောက်တိုင်း အားထုတ်လုပ်ကိုင်နေပါတယ်။ ************ ဒါ့အပြင် အရှင်ဘုရားအနေနဲ့ ဗုဒ္ဓဘာသာကို ဘယ်လိုဘယ်ပုံ ယုံကြည်ကိုးကွယ်လာရတယ် ဆိုတဲ့အကြောင်း ဘာသာရေးနဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အတွေးအမြင်လေးများကိုလည်း သိခွင့်ပေးပါဘုရား။ ************ အစတုန်းကတော့ မိရိုးဖလာပါ။(ကုလဗုဒ္ဓဘာသာပေါ့)။ ပြီးတော့ စာမေးပွဲအောင်ပါစေ။ ချမ်းသာရပါစေ၊ ပစ္စည်းဥစ္စာရပါစေဆိုပြီး လာဘ်ကိုလိုချင်လို့ ကိုးကွယ်တဲ့(လာဘဗုဒ္ဓဘာသာ)၊ အန္တရာယ်တွေ ကျရောက်မှာစိုးတဲ့အတွက် အန္တရာယ်ကင်းရပါစေ၊ ကြောက် သဖြင့် ကိုးကွယ်ခဲ့တဲ့(ဘယဗုဒ္ဓဘာသာ) အခုတော့ ပိဋကတ်စာပေတွေ လေ့လာသင်ကြားရဖန်များ လာတော့ ဘုရား၊တရား၊ သံဃာကို အကြွင်းမဲ့ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်တဲ့(သဒ္ဓါဗုဒ္ဓဘာသာ) အစစ်အမှန် ဗုဒ္ဓဘာသာဝင်ဖြစ်လာပါပြီ။ မဂ်ပညာ၊ ဖိုလ်ပညာနဲ့ထိုးထွင်းသိတဲ့ (ပညာဗုဒ္ဓဘာသာဝင်) ဖြစ်အောင်လို့တော့ကြိုးစားရဦးမယ်။ မဂ္ဂင်ရှစ်ပါးအကျင့်တရားဟာ ဘယ်သာ သနာမှမရှိဘဲ၊ ဗုဒ္ဓဘာသာမှာပဲရှိတယ်ဆိုတည်းက ဗုဒ္ဓဘာသာဟာ ဘယ်ဘာသာနဲ့မှ မတူဘူးဆိုတာကိုပြလိုက်တာပဲလေ။ *********** ဒီလို ဘာသာရေးနဲ့ ဗုဒ္ဓစာပေတွေကို ဘယ်အရွယ်- ဘယ်အချိန်ကစပြီး ဘယ်လို အတွေးအခေါ်တွေနဲ့ လေ့လာလိုက်စားခဲ့တယ် ဆိုတာလေးကို လည်း မျှဝေပေးပါအုံးဘုရား။ *********** အသက်(၁၃)နှစ်လောက်တည်းကဆိုပါတော့။ အဲတုန်းကတော့ ပါးစပ်ကနေဆိုတာပဲ သံသာရဝဋ္ဋဒုက္ခတော- သံသရာကနေထွက်မြောက်ကြောင်းဆိုပြီး၊ ဒါပေမယ့် အခုက သီတဂူဆရာတော်ဘုရားကြီးပြောသလို မိမိအကျိုးထက် သူတစ်ပါးအကျိုး၊ လောကအကျိုး သာသနာ့အကျိုးကို ဆောင်ရွတ်ဖို့ကိုပဲ တွေးခေါ်နိုင်ပြီး မိမိအကျိုးကိုလည်း တဖြည်းဖြည်း လုပ်ဆောင်သွားရမှာပါ။ *********** တင်ပါ့ဘုရား- တပည့်တော်တို့နဲ့တကွ လူငယ်လူရွယ်တွေ အားလုံးအနေနဲ့လည်း ဘာသာရေးဆိုင်ရာ ဘယ်လိုစာအုပ်စာပေတွေကို လေ့လာမှတ်သားသင့်တယ် ဆိုတာကိုလည်း ညွှန်ပြ ဆုံးမပေးတော်မူပါအုံးပါဘုရား။ *********** ဘာသာရေးနဲ့ပတ်သတ်လို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ရတနာ့ဂုဏ်ရည်၊ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ လူငယ် သင် အခြေပျိုးဗုဒ္ဓဘာသာစာအုပ်၊ သာသနာရေးဝန်ကြီးဌာနကထုတ်တဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ ဗုဒ္ဓဘာသာ လက်စွဲ ကျမ်း၊ မေတ္တာရှင်ဆရာတော်ရဲ့ မိရိုးဖလာဗုဒ္ဓဘာသာနဲ့ တကယ့်ဗုဒ္ဓဘာသာစာအုပ်၊ အပြင် ဖိုးပေညော (သပိတ်ကျင်း) ရဲ့ စာ အုပ်များ၊ သိင်္ဂ`ါလောဝါဒ၊ ရာဟုလောဝါဒစာအုပ်များ သာမက ဘာသာရေးစာအုပ်မျိုးစုံ ဖတ်သင့်ပါတယ်။ *********** ဒီကနေ့ ဗုဒ္ဓသာသနာတော်ကြီးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တော့အရှင်ဘုရားရဲ့ အတွေ.အကြုံပေါ်မူတည်ပြီး အရှင်ဘုရား ရဲ့အတွေး-အမြင်များနဲ. ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အရေးလေးများကိုပါ သိခွင့်ပြုပါဘုရား ။ *********** ဗုဒ္ဓသာသနာတော်ကြီးအခြေနေက တိုးတက်မှုရှိသလို ကျဆင်းမှုလည်းရှိတယ်။ အရင်ကဆိုတရားပွဲတစ်ပွဲဖြစ်ဖို့၊ တရားစာအုပ် များ၊ တရားစာပေများလေ့လာဖို့ မလွယ်ကူပေမယ့် အခုလွယ်ကူတယ်။ ကျောင်းကန်ဘုရားစေတီတွေ တည်ဆောက်မှုများလာ တယ်။ ဒါက အပြင်ပိုင်းသာသနာ တိုးတက်မှုပါ။ အတွင်းသာသနာကတော့ ကျဆင်းနေတယ်။ ဘာသာရေးအခြေခံ အားနည်း တာ တွေ့ရတယ်။ မြတ်စွာဘုရားရဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးရပ်အကျင့်မြတ်ကို ကျင့်ကြံသူတွေနည်းလာတယ်။ အဲလိုအားနည်းလို့လည်း ဘာသာခြားများကို ရှောင်ကြဉ်ကောင်းမှန်းမသိတော့ အိမ်ထောင်ပြုတယ်။ ပြီးရင်ဘာသာခြားအဖြစ် ခံယူတယ်။ ဦးဇင်းတို့ဘာသာက နဂိုတည်းက စစ်မှန်တဲ့ အရည်အသွေးရှိပြီးသားပါ။ အဲဒီအရည်အသွေးကို အရည်အသွေးမှန်း ကောင်းကောင်းမသိကြတော့ ကိုးကွယ်သူအရေအတွက်လည်း ကျဆင်းတယ်။ အရည်အသွေးကောင်းမှန်းသိအောင်လည်း မလေ့လာဘူး။ မလေ့လာတော့မသိဘူး။ မသိတော့တန်ဘိုးမထားဘူး။ ထားဘိုးမထားတော့ တန်ဘိုးမသိ၊ ထင်ရာစိုင်းတော့တာ။ အရည်အသွေးကောင်းကို အရည်သွေးကောင်းမှန်းမသိတော့ အရေတွက်လည်းလျော့ကျ၊ အရေတွက်လျော့ကျရင် အရည်သွေး ကောင်းတွေလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့်ဘာလုပ်သင့်လည်းဆိုတော့ အရည်အသွေးကောင်းရှိနေတဲ့ အဆုံး အမကို အရည်သွေးကောင်းမှန်းသိအောင် ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်း၊ မိမိသိတဲ့ အရည်အသွေးကောင်းတွေကို မိမိရဲ့ သား သမီး မြေး တွေကို ဆုံးမပေးရမယ်။ ဟောပြပေးရမယ်။ လေ့လာရမယ်။ မှတ်သားရ မယ်၊ ကျင့်ကြံရမယ်။ ဘာသာတူ အချင်းချင်း လူမျိုးတူအချင်းချင်း ပရဟိတအဖွဲ့လေးတွေဖွဲ့ပြီး မရှိဆင်းရဲသူများကို ဖေးမကူညီ ရမယ်။ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ရှိရမယ်။ သို့မှသာ အရည်အသွေးကောင်းတွေကို အရည်သွေးကောင်းမှန်းသိပြီး ကိုးကွယ်ဆည်းကပ်သူ အရေတွက်လည်း များလာပါမယ်။ ဒါမှသာလျှင် ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့မှာဖြစ်ပါတယ်။ ************* နောက်ဆုံးမေးခွန်းလေးအဖြစ် ဒီဗုဒ္ဓကမ္ဘာဆိုဒ်ရဲ့ အင်တာဗျူး ကဏ္ဍလေးမှတဆင့် ဆိုဒ်တည်ထောင်သူ ကိုကောင်းမြတ်မင်း နဲ့ တကွ တာဝန်ရှိသူ အက်ဒမင်များရဲ့ လုပ်ဆောင်ချက်တွေအပေါ် အရှင်ဘုရားအနေနဲ့ လိုအပ်မယ်ထင်တာလေးတွေ ရှိမယ်ဆို ရင် ဝေဖန် အကြံပြုတဲ့ မိန့်ကြားချက် လေးကိုလည်း နာကြား - မှတ်ယူလိုကြတာ အမှန်ပါဘုရား ။ ************** ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဆိုဒ်ပိုင်ရှင် ကိုကောင်းမြတ်မင်းနဲ့ အက်ဒမင်များအားလုံးရဲ့ လုပ်ဆောင်ချက်များက အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များဖြစ်ပါတယ်။ ဘာသာရေးဗဟုသုတတွေပေးတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း လက်လှမ်းမှီသလောက် လုပ်နေတာတွေ့ရတော့ အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီထက်မက လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ************** အခုလို မအားလပ်တဲ့ကြားမှ တပည့်တော်တို.ရဲ့ လျှောက်ထား မေးမြန်းသမျှကိုစိတ်ရှည်စွာဖြင့် ပြန်လည် ဖြေကြားတော်မူသော ဗုဒ္ဓကမ္ဘာဆိုက်ရဲ့ စာဆိုတော် “ အရှင်ဝိမလဝံသ“ အား ဗုဒ္ဓကမ္ဘာ မိသားစုဝင်များ က အထူးကျေးဇူး တင်ရှိပါကြောင်း လျှောက်ထားပါရစေဘုရား ။ ************** ဟုတ်ကဲ့ ။ ဦးဇင်းလည်း အခုဖြေကြားတာက ဒုတိယအကြိမ်ပါ။ မှားတာရှိရင် လိုအပ်တာများရှိရင်လည်း ခွင့်လွှတ်ကြပါလို့ပြောချင်ပါတယ်။ မေးမြန်းသူ ဒကာမကြီး ကလေးတို့ဆရာမနှင့် ဆိုဒ်ပိုင်ရှင် ဒကာကြီကိုကောင်းမြတ်မင်း၊ အက်ဒမင်များအားလုံးနှင့် စာဖတ်သူ ရဟန်း၊ ရှင်၊ လူ များအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ ဒကာမကြီးနှင့် တကွ ဗုဒ္ဓကမ္ဘဆိုဒ်မှဆိုဒ်ပိုင်ရှင်၊ အက်ဒမင်နဲ့ အသင်းဝင်များအပါအဝင် အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တိုးပြီး ဆောင်ရွတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံးလည်း ခလေးတို့ဆရာမနဲ့ ဆရာတော်အရှင်ဝိမလ၀ံသ တို့ရဲ့ အင်တာဗျူးအစီအစဉ် လေးကို ဖတ်ရူလိုက်ကြရလို့ သိစရာ မှတ်စရာ တွေးစရာလေးတွေ ရရှိသွားကြမယ်လို့ထင်ပါတယ်ရှင်။ နောက် ဆက်လက်တင် ဆက်ပေးမယ့် အင်တာဗျူးအစီအစဉ်တွေမှာလည်း ဘယ်အက်ဒမင်တွေက ဘယ်လိုမေးခွန်းလေးတွေမေးပြီး ဘယ်မန်ဘာ ၀င်တွေက ပြန်လည် ဖြေကြားပေးသွားဦးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူအားပေးကြပါအုံးလို့ ပြောကြားရင်းနဲ့ ဗုဒ္ဓကမ္ဘာအင် တာဗျူးကဏ္ဍလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။ ခလေးတို့ဆရာမတင်ဆက်ပေးတဲ့ ဗုဒ္ဓကမ္ဘာအင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြသော ညီအစ်ကိုမောင်နှမများအားလုံးကို တောသူမလေးနှင့်အတူ ဗုဒ္ဓကမ္ဘာမိသားစုမှ ကျေးဇူးအထူးပင်တင် ရှိပါတယ်ရှင်။ ********************************************************************************* Views: 112 ဘလော့အမျိုးအစား(အင်တာဗျူး) Like 7 members like this Comment by ♣တောသူမလေး♣ မနေ့ကပြုလုပ်သွားပါသည်။ မေးပေးတဲ့ ဆရာမရော ဖြေပေးတဲ့ အရှင်ဘုရားရော ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင် ဒကာမလေးလည်း ဖတ်ရူမှတ်သားခဲ့ပါတယ် သာဓု သာဓု သာဓု ခေါ်လိုက်ပါတယ်ဘုရား *********************************************************** Comment by မူကြိုဆရာ မနေ့ကပြုလုပ်သွားပါသည်။ သာဓု၊ သာဓု၊ သာဓု......။ ********************************************************** Comment by hla moe 24 မနေ့ကပြုလုပ်သွားပါသည်။ အရမ်းကျေးဇူးတင်ပါတယ် ********************************************************** Comment by အောင်မျိုးထွန်း မနေ့ကပြုလုပ်သွားပါသည်။ သာဓု သာဓု သာဓု.... ********************************************************* Comment by AungMyintMyat မနေ့ကပြုလုပ်သွားပါသည်။ သာဓု သာဓု သာဓု။ ******************************************************** Comment by whitecolor မနေ့ကပြုလုပ်သွားပါသည်။ အင်တာဗျူးသွားတဲ့ ဆရာမကိုရော ဆရာတော် အရှင်ဝိမလ၀ံသကို ရောကျေးဇူးတင်ပါတယ်ရှင်။ ဖတ်မှတ်သွားပြီး အရှင်ဘုရားတို့ရဲ့ ဆိုဆုံးမမှူ့ကို လိုက်နာပါမယ် ဘုရား။ ******************************************************* Comment by လင်းကိုကို မနေ့ကပြုလုပ်သွားပါသည်။ ဟုတ်ကဲ့ ဖတ်သွားပါတယ် ခင်ဗျာ. ******************************************************* Comment by အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) မနေ့ကပြုလုပ်သွားပါသည်။ နည်းနာ နိဿယများယူသွားပါတယ်ဘုရား...။ နောင်တော်ကြီးတို့ ဒီတောင်ကို အေးဆေးစွာကျော်ဖြတ်နိုင်တာကိုကြည့်ပြီး ပီတိသောမနဿများ ပွားမိပါရဲ့....။ မေးတဲ့သူကလည်းတော် ဖြေတဲ့သူကလည်း လိုက်လျောညီထွေရှိတော့ ဂီတတီးဝိုင်းအလား...။ ပဉ္စသီခနတ်သားတီးတဲ့ ဗလုဝစောင်းကဲ့သို့ပေါ့ဘုရား...။ အားလုံးကို ကျေးဇူးတင်လျှက်....

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter