ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, October 26, 2010

ဝါကျွတ် လက်ဆောင်

ဝါလကင်းလွတ် လို. သီတင်းလည်းကျွတ်ပြီ ” ဆိုတော့ “ဝါကျွတ်လက်ဆောင်” အဖြစ်
ဟောဒီဆောင်းပါးလေးကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ။

ဟုတ်ကဲ့ပါ - သထုံမြို. - ရွှေပါရမီတောရကျောင်းမှာ တစ်ပါးတည်း”ဧကစာရီတောရ” ဆောက်တည်တော်မူ
လျက်ရှိသော “ဆရာတော် အရှင် ဆန္ဒာဓိက” ဟောကြားတော်မူခဲ့တဲ့ “ငြိမ်းအေးသောဘဝ
ပိုင်ရှင်ဖြစ်လိုသော် ” ဆိုတဲ့ တရားတော်မှကောက်နှုတ်တင်ပြလိုက်ခြင်းဖြစ်ပါတယ် ။

ဟောဒီကမ္ဘာပေါ်မှာရှိသမျှ ကျမတို. လူသားအားလုံးလိုလိုဟာ ကိုယ့်ဘဝကိုယ် ငြိမ်းအေး သာယာ
သောဘဝ ကိုသာ တည်ဆောက်လိုကြသူချည်းပါ ။ ငြိမ်းအေးသာယာသောဘဝပိုင်ရှင် ဖြစ်ချင်
ကြတာလည်း လူတိုင်းရဲ့ကိုယ်စီကိုယ်ငှ ရှိနေကြတဲ့ “ရင်တွင်းဆန္ဒ” ပါ ။ “ပူလောင်သော ဘဝ” ကို
အလိုရှိသူ လူသားရယ်လို.တော့ ဒီလောကမှာ တစ်ဦးတစ်ယောက်မျှ မရှိတာလည်း အသေအချာပါ။

အဲ-- ဒါပေမဲ့ ငြိမ်းအေးတဲ့ဘဝ ကိုကော လူတိုင်းရရှိနိုင်ကြပါသလား ၊
တကယ်တော့ လူသားအများစုရဲ့ ဘဝဟာအနည်းနဲ.အများဆိုသလို ပူလောင်နေကြတာကို
တွေ.ရမှာဖြစ်ပါတယ် ။
တချို.လူသားတွေများ ကိုယ့်ကိုယ်ကို ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ. ပြည့်နေပြီး အချိန်ပြည့် မီးဟုန်းဟုန်း
တောက်လောင်နေသလို ခံစားနေကြရတာကိုလည်း တွေ.နိုင်ပါတယ် ။

ဒီလို ကိုယ့်ဘဝရဲ့ “ ပူလောင်မှု သို.မဟုတ် ငြိမ်းအေးမှု” ကို ကိုယ့်စိတ်ကပဲ ဖန်တီးတာဖြစ်ပါတယ် ။
စိတ်ပူလောင်လာလျင်(ရင်) ဘဝလည်းပူလောင်ပြီး စိတ်အေးရင် (လျင်)ဘဝလည်း အေးမှာဖြစ်ပါတယ် ။
ဘဝဆိုတာ စိတ်ရဲ့ပုံရိပ်သာဖြစ်ပါတယ် ။
လူတစ်ယောက်ဟာ စိတ်ပူလောင်နေတယ်ဆိုရင် သူ့ရဲ့အတွေးအကြံတွေဟာလည်း ပူလောင်နေပါတယ် ။
သူ့ရဲ့အပြောအဆိုတွေဟာလည်း ပူလောင်နေပါတယ် ။ သူ.ရဲ့အပြုအမူတွေဟာလည်း ပူလောင်နေမှာပါပဲ ။
တစ်နည်းအားဖြင့်ဆိုရင်တော့ စိတ်ပူလောင်နေသူတစ်ယောက်ရဲ့ ကိုယ်အမူအရာ - နှုတ်အမူအရာ - စိတ်
အမူအရာ တွေဟာ ပူလောင်နေပါတယ် ။ ကာယကံ-ဝစီကံ- မနောကံ ဆိုတဲ့ ကံသုံးပါးစလုံး ပူလောင်
နေပါတယ် ။ “ ဘဝဟာလည်း ဒီ “ကံသုံးပါး” နဲ.တည်ဆောက်ထားတာဖြစ်ပါတယ် ။ ကံသုံးပါးစလုံး
ပူလောင်အောင် လုပ်ထားသူတစ်ယောက်ရဲ့ဘဝဟာလည်း “ပူလောင်တဲ့ဘဝ” ကိုသာပဲ ရရှိခံစားရ
မှာမလွဲပါ ။

ဒီလိုပါပဲ-- လူတစ်ယောက်ရဲ့ စိတ်ဟာ အေးချမ်းနေပြီဆိုရင် သူ.ရဲ့အတွေး အကြံ အပြုအမူတွေဟာလည်း
အေးချမ်းနေပါတယ် ။ တနည်းးအားဖြင့်တော့ “ကာယကံ - ဝစီကံ နဲ. မနောကံ သုံးပါးစလုံးအေးချမ်း
နေ နေပါတယ် ။ ဒါ့ကြောင့် မိမိပြုလုပ်သမျှ ကံသုံးပါးစလုံးရဲ့ အကျိုးကို မိမိကုယ်တိုင် ခံစားရတယ်ဆို
တဲ့အတိုင်း ကံ သုံးပါးစလုံး အေးချမ်းနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာလည်း ငြိမ်းအေးနေတာပါပဲ ။

ဒီလို အေးငြိမ်းတဲ့ ဘဝပိုင်ရှင်တစ်ယောက်ဖြစ်လိုသူများအနေနဲ. ပထမဦးဆုံး မိမိစိတ်ကို ငြိမ်းအေးအောင်
ပြုပြင် တည်ဆောက်ထားရမှာဖြစ်ပါတယ် ။ အဲဒီလို အေးငြိမ်းတဲ့ဘဝပိုင်ရှင်ဖြစ်ရန်အတွက် လိုအပ်တဲ့
အရေးအကြီးဆုံး အချက်များကတော့ ---
၁) ကိုယ်-နှုတ်- စိတ် မကြမ်းတမ်းပဲ နူးညံ့သိမ်မွေ.စေရန်ကြိုးစားပြုပြင်ခြင်း
၂) ကိုယ်ကျင့်တရားကောင်းမွန်ခြင်း
၃) လိုချင်တောင့်တမှု ကင်းခြင်း -သို.မဟုတ်- လိုချင်တောင့်တမှုကို ဆင်ခြင်နိုင်ခြင်း
၎) စိုးရိမ်ပူပန်မှုကင်းရှင်းခြင်း - ကြွားဝါလိုမှုကင်းခြင်း
၅) နောင်တ တစ်ဖန် ပူပန်မှုကင်းခြင်း စသည်တို.ကို ပြုပြင် ကျင့်ကြံ ရမှာဖြစ်ပါတယ် ။

ဒီလို ငြိမ်းအေးတဲ့ ဘဝပိုင်ရှင်ဖြစ်လိုသူတစ်ယောက်ဟာ ကိုယ်-နှုတ်- စိတ် သုံးပါးလုံးနူးညံ့ သိမ်မွေ.မယ်-
ကိုယ်ကျင့်တရားလည်းကောင်းမယ် - ခန္ဓာရဲ့အလို - စိတ်ရဲ့အလို ဆန္ဒတွေရဲ့ တောင့်တမှုတွေကို ထိန်းချုပ်
နိုင်မယ်- ဆင်ခြင်နိုင်မယ် ၊ စိုးရိမ်ပူပန် သောကရောက်မှု တွေကိုလည်း တတ်နိုင်သမျှ ကင်းရှင်းအောင်နေ
နိုင်မယ် ၊ နောင်တ ပူပန်ရမယ့် အမှုကိစ္စတွေကို မပြုလုပ်မိအောင် ကြိုးစားပြီးနေထိုင်သွားမယ်ဆိုရင်
“ငြိမ်းအေးတဲ့ဘဝပိုင်ရှင် ဖြစ်လာနိုင်ပါတယ် ။

အစပထမမှာတော့ ဒီအချက်တွေကို ချက်ချင်းကြီး လုပ်နိုင်အောင် ကြီုးစားကျင့်ကြံဖို.ဆိုတာ မလွယ်သလို
ခက်ခဲသလို ဖြစ်ပေမဲ့ တစ်ဖြည်းဖြည်းလေ့ကျင့်သွားမယ်ဆိုရင်တော့ “ငြိမ်းအေးတဲ့ဘဝပိုင်ရှင်” ဖြစ်
လာရမှာ အသေအချာဖြစ်ပါကြောင်း တစ်ဆင့်ဖေါက်သယ်ချ တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။

“လူတိုင်း-လူတိုင်း အေးငြိမ်းသောဘဝကို ရရှိခံစားနိုင်ကြပါစေ”

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter