ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, November 6, 2012

Positive အတွေးနဲ. စိတ်ကလေးကို ငြိမ်းအေးစေရအောင်

မင်္ဂလာပါ -- နေပြည်တော် မြန်မာ့အသံရဲ့ “လူငယ်မှတ်သား သုတစကား“ ကဏ္ဍမှ ၄ - ၁၁ - ၁၂ - နေ.ညနေပိုင်းမှာ ထုတ်လွှင့်သွားတဲ့ “Positive အတွေးနဲ. စိတ်ကလေးကို ငြိမ်းအေးစေရအောင်“ ဆိုတဲ့ အစီအစဉ်လေးပါ - အချို.သော ဒေသများမှ အသံဖိုင်ဖွင့်မရပါ၍ စာသားလေး တင်ပြပေးပါ လို.ဆိုလာတဲ့အတွက် စာသားလေးကိုပါ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ် - အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ............................................................................. မင်္ဂလာပါ ကလေးတို.ရေ- ဒီနေ.ကလေးတို.အတွက် “ဆရာတော် ရဝေနွယ် အင်းမ“ ရဲ့ တရားတစ်ပုဒ်ထဲက ကောက်နှုတ် တင်ပြ သွားမှာဖြစ်ပါတယ် ။ ကလေးတို.ရေ Positive ဆိုတာ အပြုသဘော အကောင်းသဘောဆောင်တယ်လို. အဓိပါယ်ရပေ မဲ့ Negative ကတော့ ဆန်.ကျင်ဘက်ဆိုတဲ့ မကောင်းတဲ့သဘောကိုဆောင်ပါတယ် ။ တစ်နည်းအားဖြင့်တော့ ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ် အတွေးပါ။ အချို.သောသူတွေက ကြုံလာ တဲ့ အာရုံတစ်ခု ကို ပေါ့စတစ် အတွေးနဲ့ တွေးပြီး စိတ် အေးချမ်းမှုကို ယူသွားကြပါတယ်။ တစ်နည်းအား ဖြင့်တော့ နဂ္ဂတစ် အတွေးနဲ့ တွေးရင်စိတ်ဆင်းရဲ ရတယ်ဆိုတာ အသေအချာ သိထားလို့ပါပဲ ။ တကယ်တော့ တို.များရဲ့ဘဝမှာ တစ်နေ့တာအတွင်း အာရုံမျိုးစုံနဲ့ ကြုံနေရတာ မဟုတ်ပါလား။ ဒီနေရာမှာ နဂ္ဂတစ်အတွေးရဲ့ ဆိုးကျိုး ဆိုးပြစ်ကိုသိထားပြီး ပေါ့စတစ်အတွေးလေးနဲ. စိတ်အေး ချမ်းသာစွာ နေတတ်အောင် လေ့ကျင့်ထားဖို.လိုပါတယ် ။ နဂ္ဂတစ်နဲ့ ကြည့်မိရင် ဒေါသ၊ အာဃာတစတဲ့ စိတ်တွေ ဝင်လာတတ်ပါတယ် ။ အဲဒီ မကောင်းမြင် စိတ်တွေ ဝင်လာပြီဆို ရင် တော့ နောက်ဆုံးရလဒ်က စိတ်ဆင်းရဲရခြင်းပါပဲ ။ လူဟာ တစ်ခုခုကိုလုပ်ပါများရင် စွဲနေတတ်တယ်နော် ။ ဒီလိုပါပဲ နဂ္ဂတစ် နဲ့ကြည့်တတ်တာ အကျင့်ဖြစ်သွားရင် ဘယ်မြင်ကွင်းပဲကြည့်ကြည့် မကောင်းမြင်စိတ်တွေပဲ စိတ်ထဲပေါ်ပြီး မချင့်မရဲနဲ. စိတ် ဆင်း ရဲနေရတော့ တာ ပေါ့ ။ ဒါပေမဲ့ အဲဒီလူ အနေနဲ. သူ ဒီလို နဂ္ဂတစ်နဲ့ ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရ တယ်ဆိုတာလည်း မတွေးမိဘူးလေ ။ အဲဒီ မသိတာက ပိုခက်နေတော့တာပါပဲ ။ ကလေးတို.ရေ - ဒီလိုနေရာမျိုးမှာ ကိုယ့်ကို ဖေးမပြောပြပေးမယ့် မိတ်ကောင်း ဆွေကောင်းဆိုတာ သိပ်ကိုလိုပါတယ်။ ကိုယ် တိုင်ကလည်း ကိုယ့်ကိုယ်ကို နဂ္ဂတစ်သဘောဖြစ်နေတယ်ဆိုတာသိဖို့အရေးကြီးပါတယ်။ ဒါမှ ကူညီဖေးမပေးရတဲ့သူအတွက် လည်း လွယ်ကူမှာပါ။ ကိုယ့်ကို ခင်တဲ့ ချစ် တဲ့ သူကပဲ ကူညီဖေးမမှာပေါ့နော် ။ ဒါကို သိထားရင်လည်း ဖေးမလာသူကို တန်ဖိုး ထားလာနိုင်ပါ တယ်။ အဓိကအနေနဲ.တော့ ကိုယ်ကပြုပြင် ပြောင်းလဲချင်စိတ် ရှိဖို့အရေးကြီးပါတယ် ။ ဒီနေရာမှာ “ပါရမီ“ ရှိတဲ့သူများကတော့ အလိုအလျောက်ကို သဘောပေါက်တတ်ကြပါတယ်။ ပေါ့စတစ်အတွေးရှိတတ်တာကို ဆိုလိုတာပါ။ သူတို.အနေနဲ. အကောင်းမြင်သမားတွေပီပီ ခွေးချင်းကိုက်တာမြင်လည်း “သြော်. ဒေါသဆိုတာတိရစ္ဆာန်တွေမှာ လည်းရှိတာပဲ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှ တော်ကာကျမယ်”လို့ တရားသဘောနဲ့ ကြည့်တတ်ပါတယ်။ ဒီတော့ သစ်ရွက် ကြွတာ၊ မီးပျက်တာ၊ ခွေးချင်းကိုက်တာ တွေဟာလည်း တရားနဲ့ကြည့်တတ်သူ အတွက်တော့ တရားတွေဖြစ်နေပါတော့တယ်။ ပါရမီမပါသေးရင်လည်း ဘာမှစိတ်ပျက်စရာမလိုပါဘူး-တဲ့။ ရနိုင်သမျှ ဖြည့်ဖြည့်ယူသွား ရမယ်လို.ဆိုပါတယ် ။ ကလေးတို.ရေ - -- တို.များ လူသားတွေဟာ သံသရာမှာ အများကြီး ကျင်လည် ခဲ့တာဆိုတော့ ပါရမီ လုံးဝ မပါတဲ့သူတော့ မ ဖြစ်နိုင်ဘူး-လို.လည်းဆိုထားပြန်ပါတယ် ။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက် ရင် ကိုယ်ကနည်းနေသေးတာပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပေါ့နော်။ ဒီနေရာမှာ ပါရမီ ဆိုတာကို ဘယ်လို ဖြည့်ရမလဲ လို. မေးလာနိုင်တဲ့အတွက် -- ဆတ္တမာဏဝ-ဆို တဲ့ လုလင် နဲ. ဖားနတ်သား အကြောင်းတို့ကို နည်းနည်းလောက် ပြောပြချင်ပါတယ် ။ မြတ်စွာဘုရား လက်ထက်တော်ကပေါ့နော် - ဆတ္တမာဏဝ ဆိုတဲ့လုလင်တစ်ယောက်ရှိပါတယ်။ အရွယ်ရောက်လာတော့ အဖေ လုပ်သူက ပေါက္ခရသာတိ ပုဏ္ဏာကြီးဆီမှာပညာသင်ခိုင်းပါတယ်။ ပညာသင်မှုပြီးဆုံး တော့ ဆရာက ပညာသင်ခ အသပြာ တစ် ထောင် တောင်းပါတယ်။ ဒါကြောင့် ဆတ္တမာဏဝ လုလင်လည်း အိမ်ပြန်ပြီး အဖေ့ဆီမှာ ငွေပြန်တောင်းတာပေါ့ ။ ဒီသတင်းကို သူခိုးတွေ သိသွားပြီးလမ်းက စောင့်နေပါသတဲ့ ။ ဒါကိုမြတ်စွာ ဘုရားရှင် သိတော်မူလို့ သူခိုးတွေထက် ဦးအောင်လမ်းက ကြိုစောင့်ပြီး ဆတ္တမာဏဝ ကို သရဏဂုံနဲ့ ငါးပါးသီလ ပေးပါတယ်။ ( အင်း သေဖို့ကံပါလာရင် မြတ်စွာဘုရားလည်း တားလို့မရပါ ဘူးနော်) ။ ဆတ္တမာဏဝလုလင်ဟာ သရဏဂုံသုံးပါး ကို နှလုံးသွင်းပြီး လမ်းခရီးကို ဆက်ခဲ့ရာမှာ ခရီးလမ်းမှာပဲ သူခိုးတစ်ယောက်ရဲ့ မြားချက်နဲ့ သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာ နတ်ပြည်မှာဖြစ်ရပါတယ် ။ ဆတ္တမာဏဝ လုလင်ရဲ့ အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ် တဲ့ အခါ မြတ်စွာဘုရားရှင်က ဈာပနနဲ့ မနီးမဝေးသစ်ပင်ရိပ်မှာ ကြွပြီး သီတင်းသုံးနေလိုက်ပါတယ်။ ဒီအခါ ဆတ္တမာဏဝ လုလင်ဟာ နတ်သားအဖြစ်နဲ့ လာပြီး မြတ်စွာ ဘုရားကို ကန်တော့ပါတယ်။ မြတ်စွာဘုရား တရားနာပြီး ဆတ္တမာဏဝ နတ်သားနဲ. မိဘတွေပါ သောတာပန် တည်သွားပါတယ်။ ဆတ္တမာဏဝ လုလင်ဟာ ပထမဘဝမှာ တရားထူးမရပေမယ့် ဒုတိယ ဘဝမှာတော့ တရားထူး ရသွားခဲ့ပါသတဲ့ ။ ဖာနတ်သားဝတ္ထုမှာလည်းဒီအတိုင်းပါပဲ။ မြတ်စွာဘုရား တရားဟောနေစဉ် ရေကန် တစ်ကန်က ဖားလေး တစ်ကောင်တက်လာပြီး “ဒါတရားပဲ”ဆိုတဲ့အမှတ်နဲ့ အဓိပ္ပါယ်မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ ဝပ်ပြီး နာကြားနေပါသတဲ့ ။ အဲဒီအချိန်မှာ နွားကျောင်းသား တစ်ယောက်ကလည်း တရားနာဖို့ တုတ်တစ်ချောင်းနဲ့ထောက်ပြီး ရပ်လိုက်တာ ဖားခေါင်းပေါ်တုတ်ထောက်မိလျက်သားဖြစ်သွားပြီး ဖားငယ်သေ သွားပါတော့တယ်။ တရားအမှတ်နဲ့ သေသွား တဲ့ အတွက်နတ်ပြည်မှာ ဖြစ်ပြီး နတ်သားဘဝနဲ့ တရားပြန်နာရလို့ သော တာပန် တည်သွားပါသတဲ့ကွယ်။ ဒီဘဝမှာ မရနိုင်ပေမယ့် ဒုတိယ တတိယ ဘဝစသည်တွေမှာ ရနိုင်တယ်ဆိုတာ ဆရာတော် များက ထောက်ပြ အားပေးထားတာပါ။ သာသနာနှစ် တစ်ထောင်နောက်ပိုင်း အခု တို.များရဲ့ခေတ်မှာ သန္တတိ အမတ်ကြီးတို့လို ဂါထာတစ်ပုဒ်ကို အကျဉ်း နာကြားပြီး တရား ထူးရနိုင်တဲ့ ခေတ်ကိုကျော်လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစား အားထုတ်နိုင်မှ တရားရနိုင်တဲ့ ခေတ်လို.ဆိုပါတယ် ။ လူငယ်စကား နဲ.့ ပြောရင် အပြတ်အားထုတ်မှ တရားရနိုင်မယ်တဲ့ ။ ဒါပေမယ့် မပြတ်တပြတ်အားထုတ်နေတဲ့ သူတွေအတွက်လည်း တရားထူးမရနိုင် ပေမယ့် ကိုယ်အားထုတ်နေတဲ့ တရားတွေကတော့ နောက်ဘဝ နောက်ဘဝတွေ အတွက် “ပါရမီ“ တွေဖြစ်နေတယ်လို. ဆရာတော် ဘုရားများက ဟောကြားထားပါတယ် ။ ကလေးတို.ရေ -- တို.များ လူသားတွေအနေနဲ. သံသရာ ခရီးရှည်ကြီး ဆက်ရဦးမယ်ဆိုတော့ ဝိပဿနာတစ်ခုတည်း နဲ့ မလုံလောက်သေးဘူးတဲ့ ။ ဒါကြောင့် ပါရမီ ဖြည့်တဲ့နေရာမှာ စုံအောင်ဖြည့်ရပါမယ် ။ နောက်ဘဝ ဉာဏ်ကောင်း အောင်ဆိုပြီး ဉာဏ်ကောင်းကြောင်း ကုသိုလ် တွေပြုခဲ့ရုံနဲ.လည်း မလုံ လောက်သေးပဲ ဒါနပါရမီလေးတွေပါတွဲပြီးဖြည့်သွားရပါမယ်လို.လည်းဆိုပါတယ် ။ အဲ--ဒါနဆိုလို့ ကျောင်း တွေ သိမ်တွေဆောက်လှူမှ၊ ရှင်တစ်ထောင် ရှင်တစ်သောင်းတွေ ပြုပေးမှ မဟုတ်ပါဘူး၊ ကိုရင်သေးသေးလေးကို ဆပ်ပြာတစ်ခဲလှူ လိုက်လည်း ဒါနပါပဲ ။ စာသင်သား ဘဝမှာ ဆင်းရဲကြ တာ များတော့ရသွားတဲ့ ကိုရင်လေးမှာလည်းပျော်သွားမှာပါ ။ ဆပ်ပြာတစ်ခဲ ဘယ်လောက်တန်ဖိုး ရှိလို့လဲနော် - ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘော်ပင်၊ ဗလာစာအုပ် စသည်တွေဟာ စာသင်သား ကိုရင် ပေါက်စ တွေအတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေဖြစ်ပါတယ် ။ ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ ဘုရားမှာ ရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ ခွေးလေးတွေကို အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ စသည်တွေဟာ ဒါနတွေ ချည်းပါပဲ ။ တရား သဘောလေးတွေ အာရုံပြုနေရင်တော့ တရား သဘောတွေ ဖြစ်နေလို့ ကုသိုလ် ပြုရတာလည်း ပျော်ရွှင် ချမ်းမြေ့စရာတွေပါပဲ။ ဒါပေမဲ့ မတရားသဘောတွေ အာရုံပြုနေရင်တော့ မတရား သဘောတွေချည်း ဖြစ်နေလို့ စိတ်ဆင်းရဲစရာတွေပဲ ဖြစ်နေတော့မှာပေါ့နော် ။ တကယ်တော့ - တရားသဘောပဲ အာရုံပြုပြု၊ မတရားသဘောပဲ အာရုံပြုပြု တကယ်တော့စိတ်ပါပဲ တကယ်လို့ မတရားသဘောနဲ. မကောင်းတဲ့ အာရုံပြုမိလို့ သိလိုက်တာနဲ့ “ သြော် - မတရား သ ဘောတွေပါလား”- လို့ ဆင်ခြင်လိုက်ရင် တရားသဘောတွေပြန် ဖြစ်သွားပါလိမ့်မယ် ။ အဲဒီလို သိလိုက်နိုင်တာကိုက အတော်လေးကို တော်နေပြီလို.ဆိုပါတယ် ။ အဲဒီလိုပဲ စိတ်ကို လေ့ကျင့် ယူရ မှာဖြစ်ပါတယ်။ လူ့ဘဝမှာ စိတ်ချမ်းသာဖို့က သိပ်အရေးကြီးပါတယ်။ တစ်နည်းပြောရရင်လည်း သူတစ်ပါးကို စိတ် ဆင်းရဲအောင်-လူအများကို စိတ်ဆင်းရဲအောင်လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတတ်တာ သဘာ ဝပါ ။ စိတ်မချမ်းသာရင် တရားအားထုတ်တာ ကအစ အဆင်မပြေဘူးလေ ။ ဒါကြောင့် စိတ်ချမ်းသာဖို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် မြင်ကွင်းတစ်ခုကို ကြည့်တဲ့ - မြင်တဲ့ အခါ ပေါ့စတစ် ဆို တဲ့ အကောင်း မြင်စိတ်နဲ. ကြည့်တတ်မြင်တတ်အောင် လေ့ကျင့်ထားကြပါလို. မေတ္တာရပ်ခံ ချင်ပါ တယ် ။ ကလေးတို.အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter